ရွှေတောင်မြို့နယ်(အ.လ.က) မယားမာန်ကျောင်းနှင့် အ.မ.က ထန်းကုန်းမြေနီဝကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင် နိုဝင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အ.လ.က)မယားမာန်ကျောင်းနှင့် အ.မ.က ထန်းကုန်းမြေနီဝ ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီပါဌာနဆိုင်ရာများ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ(အ.လ.က) မယားမာန်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ယုနိုင် က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြင့်မားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်းကြောင်း၊ လူကုန်ကူးမှုတားဆီးရေးအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က ဆိုးဆေးများအကြောင်း၊ စားသုံးသူနှင့်ပတ်သက်သော ကုန်စည်အမှတ်အသား(၈)ချက်နှင့် ဆောင်ရန်ရှောင်ရန်သိကောင်းစရာအကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရွှေဝတ်ရည်တိုးက "မွေးကြိုင်သောလေလည်နံ့" ရုပ်ပုံစာအုပ်နှင့် "တိရစ္ဆာန်ဥယျာဥ်သို့အလည်သွားခြင်း" စက္ကူပြဇာတ်တို့ဖြင့် ပုံပြင်များ အသီးသီးပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ ရွေ့လျားစာကြည့်တိုက်အဖြစ် စာအုပ်စာစောင်များကို ဖတ်ရှုကြပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ ဆက်)