ဘားအံမြို့၊ အ-ထ-က(ထုံးအိုင်)ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ဘားအံ၊ နိုဝင်ဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊ အ-ထ-က(ထုံးအိုင်)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စိုးစိုးအေးက နိုင်ငံတော်၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးကကဏ္ဍတွင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်  အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး အချက်ပါဝင်သည့်အတွက် လူငယ်များ ဦးဆောင်ဆွေးနွေးသည့် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ အစီအစဉ် တင်ဆက်သူအဖြစ် ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆောင်ရွက်ပြီး အ-ထ-က (ထုံးအိုင်) ကျောင်းမှ Grade-11 ကျောင်းသူ မိနှင်းနန္ဒီအောင်က လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသူ မိဆုလာဘ်မိုးက လူငယ်နှင့်အသက်မွေးဝမ်းကျောင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊  Grade-11 ကျောင်းသား မင်းထက်ဝေယံဦးက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ကောင်းခန့်စိုင်းက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်မင်းစွမ်းပြည့်ထက်က လူငယ်အားကစားနှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ စကားဝိုင်း ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားများသို့ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)