ကော့သောင်းမြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ကော့သောင်း နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် (၆) နာရီခွဲအချိန်ခန့်က ကော့သောင်းခရိုင် FOB စစ်ဆေးရေးစခန်းတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူးဆေးရုံအုပ် ဒေါက်တာလင်းထိုက်ဦးဆောင်သော ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆရာ၊ ဆရာမများက ကော့သောင်းခရိုင် FOB စစ်ဆေးရေးစခန်းမှ တာဝန်ရှိသူများနှင့် ရေလုပ်သားများအား ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပေါ်စေသည့် အကြောင်းအရင်း၊ ရောဂါပိုးကူးစက်ပုံ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများအ‌‌ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ယင်း‌‌နောက် ကျန်းမာရေးဦးစီးဌာန၊ ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာဌာနစိတ်နှင့် ကမ္ဘာ့ကလေးများရန်ပုံ‌ငွေအဖွဲ့တို့မှ ပူးပေါင်းထုတ်ဝေသော "ကလိုရင်းဆေးခပ်ခြင်းအကြောင်း" အသိပညာပေး လက်ကမ်းစာစောင်များကို ရေလုပ်သားများအား ဖြန့်ဝေခဲ့ပြီး ပြင်းထန်ဝမ်း‌ပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ထားသင့်သည့် ဓာတ်ဆားထုပ်များ‌၊ ဆေးဝါးများနှင့်စပ်လျဉ်း၍ သုံးစွဲရမည့်နည်းလမ်းများနှင့် အကျိုးအာနိသင်များ၊ကလိုရင်းဆေးရည်များ အသုံးပြုပုံ များအား ကော့သောင်းခရိုင် FOB စစ်ဆေးရေးစခန်းမှ တာဝန်ရှိသူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)