ရေဦး နို၀င်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အောင်ရတနာကားသင်း မိသားစုနှင့် ဒေသခံအလှူရှင်များ စုပေါင်းပြုလုပ်သော (၆၄) ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံက ထိန်တော်အောင်ပွဲ အခမ်းအနားကို ကထိန်မဲကျရာ ပါဠိဝီဇ္ဇာ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်တွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားသို့ မင်္ဂလာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဗဟိုသံဃာ့၀န်ဆောင်ဆရာတော် မဟာဂန္ဓဝါစကဘဒ္ဒန္တ ဝေပုလ္လစာရ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာ တော် အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်အပေါင်းတို့က အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး မင်္ဂလာဆရာဝောာ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်ပြီး ဧည့်ပရိသတ်အပေါင်းတို့မှ ဆရာတော် သံဃာဝောာ် အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်ကို နာယူကြည်ညိုခဲ့ကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြို့လုံးကျွတ်ဘုံမဟာကထိန်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် ကထိန်ဒါယကာ ဒါယိကာမများက ဆရာတော်ကြီးများထံ ကထိန်လျာဉာတ်သင်္ကန်းနှင့် လှူဖွယ်၀တ္ထုအစုစုတို့ကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရက ဆရာဒကာညီညွတ်စွာဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် သာသနာရေးလုပ်ငန်းဆိုင်ရာများကို လျှောက်ထားခဲ့ပြီး အများပေါင်းစု ကောင်းမှုပြု လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
(၆၄)ကြိမ်မြောက် ရေဦးမြို့လုံးကျွတ်မဟာဘုံကထိန်တော်တွင် ပစ္စည်းတန်ဖိုးနှင့် နဝကမ္မအလှူငွေ စုစုပေါင်းကျပ်သိန်းတစ်ရာနှစ်ဆယ့်ငါးသိန်း သုံးသောင်းတစ်ထောင်ကိုးရာတိတိ လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းသန်း (ရေဦး )