စစ်ကိုင်းမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီချိန် ဆီထွက်သီးနှံဧက (၅၅,၄၆၇) စိုက်ပျိုးနိုင်ခဲ့

စစ်ကိုင်း နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီချိန် ဆီထွက်သီးနှံ ဧက (၁၃,၇၇၈) စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ယမန်နှစ် ၂၀၂၃- ၂၀၂၄ မှာ ဆီထွက်သီးနှံ ဧက(၈၆၁၅၁)ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၄- ၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်မှာ စစ်ကိုင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ (၈၆,၇၇၁)ဧက လျာထားခဲ့ရာ (၅၅,၄၆၇)ဧက စိုက်ပျိုးထားပြီးဖြစ်ပါတယ်။ လျာထားချက်ရဲ့ (၆၃.၉၂) ရာခိုင်နှုန်း စိုက်ပျိုးထားပြီး လျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ တောင်သူများ စိုက်ပျိုးရာသီချိန်အမီ စိုက်ပျိုးနိုင်အောင် ဆီထွက်သီးနှံများ အထွက်တိုးအောင် မျိုးကောင်းမျိုးသန့်တွေကိုလည်း ထောက်ပံ့ပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသန့်အောင်က ‌ပြောပြသည်။

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ ရာသီချိန်အမီ သီးနှံမျိုးစုံ မျိုးကောင်း မျိုးသန့် ရရှိစေရေး၊ သဘာဝမြေသြဇာများ စနစ်တကျအသုံးပြုနိုင်ရေး၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်နိုင်ရေး၊ အထွက်နှုန်းကောင်းမွန်စေရေးနှင့် စိုက်နည်းစနစ်မှန်ကန်စေရေး၊ ရိတ်သိမ်းချိန်အလွန် အလေအလွင့်မရှိစေရေးအတွက် တိုက်နယ်အလိုက် ကွင်းဆင်းကြည့်ရှု စစ်ဆေးပေးလျက်ရှိပြီး တောင်သူများအား  ကျွမ်းကျင်ဝန်ထမ်းများဖြင့် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ နည်းပညာများ ဖြန့်ဝေပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ ဆက်)