ကျွန်းလှ နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲလျာထားဧက ၁၃၈၉၆ အနက် ၂၃၃၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြပါတယ်။ ဒီနှစ် ဆောင်းရာသီမှာ မြေပဲစိုက်ပျိုးဖို့ ၁၃၈၉၆ ဧက လျာထားပါတယ်။ တောင်သူတွေ မြေပဲကို စက်တင်ဘာလက စတင်ပြီး စိုက်ပျိုးကြပြီး ဆက်လက်စိုက်ပျိုးနေကြပါတယ်”ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ နည်းပညာပေးသင်တန်းနှင့် ကွင်းပြပွဲများ ပြုလုပ်ခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီ၌ မြေပဲ ၁၃၈၉၆ ဧက၊ နှမ်း ၁၄၀၃၃ ဧက၊ နေကြာ ၁၂၃၆ ဧက၊ ပန်းနှမ်း ၅၃၄၂ ဧက၊ မုံညှင့်စေ့ ၃၅၇ ဧက၊ စုစုပေါင်း ၃၄၈၆၄ ဧက စိုက်ပျိုးရန် လျာထားပြီး လက်ရှိအချိန်ထိ ၉၉၇၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)