မင်းဘူး နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှည့်လည်၍ ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူး(စကု)မြို့နယ် ဖလံရုံကျေးရွာ ဇဗ္ဗူရတနာသိဒ္ဓိကျောင်း အနန္တသုခဓမ္မာရုံ၌ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ အမျိုးသမီးများနှင့် တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဥမ္မာဆွေက လုပ်စဉ်အကြောင်းအရာများနှင့် ကဏ္ဍကြီး (၅) ရပ်ကို ပြောကြားပြီးနောက် ကျေးရွာအတွင်းရှိ ပိုလီယိုကလေးငယ် (၁၁) ဦးအား ငွေကျပ် (၁၀၀၀၀) စီနှင့် မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာမှုန့်၊ ပေါင်မုန့်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အမှတ် (၃) ရပ်ကွက်ရှိ သမိဒ္ဓေါယ သုခကာရီ သီလရှင်စာသင်ကျောင်းအား ဆန် (၁) အိတ်၊ ဆီ (၅) ပိဿာနှင့် ဝတ္ထုငွေများ၊ ဆရာလေးအပါး (၅၀) နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပညာသင်ကြားနေသော ကလေးငယ် (၂၀) ဦးအား ထောက်ပံ့ငွေများ ထောက်ပံ့လှူဒါန်းခဲ့ပြီး၊ ကြာကန်ကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာရှိ ဝါးဖြင့် ပြုလုပ်သည့် လက်မှုအတတ်ပညာ လုပ်ငန်းများ ဖြစ်သော တောင်းအမျိုးမျိုး၊ ခြင်းအမျိုးမျိုးနှင့် ဆန်ကော၊ ဆန်ကာများ ရက်လုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ယင်းနောက် စကုမြို့ အမှတ် (၁) ရပ်ကွက် မိခင်နှင့်ကလေး ခန်းမဆောင်တွင် ကိုယ်ဝန်ဆောင်မိခင် (၁၈) ဦးအား အဟာရဖြစ် ကြက်ဥ၊ ဖီးကြမ်းငှက်ပျောသီးနှင့် ထောက်ပံ့ငွေများ၊ မူကြိုကျောင်းမှ ကလေးငယ်များအား မုန့်ပဲသရေစာများနှင့် မင်းဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာရှိ အဘိုးအဘွား (၁၄) ဦး တို့အား မုန့်၊ ကွေကာနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)