ပေါင်းတည် နိုဝင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာန၊ စာပေချစ်သူ Book Club အဖွဲ့တို့နှင့် ပူးပေါင်းကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင် တက်ရောက်အမှာစကားပြောကြားကာ အမျိုးသားအောင်ပွဲနေ့အကြောင်းကို တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို အကျယ်တဝံ့ဟောပြောသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးစုစံက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးခဲ့ကာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်နှင့်အတူ အသင်းအဖွဲ့ဝင်များက ပံ့ပိုးကူညီသောအားဖြင့် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် အလယ်တန်းဆင့်၊ မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၆၅) ဦးကို ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေသား( ပြန်/ဆက်)