စစ်ကိုင်းမြို့တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ၏ အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများဖြင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်း နိုဝင်ဘာ ၁၁

စစ်ကိုင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပါဝင်သည့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ စစ်ဆေးရေးအဖွဲ့သည် နိုဝင်ဘာလ (၁၁)ရက်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂၂) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့သို့ သွားရောက်၍ အခြေခံစံနှုန်းများနှင့် အညွှန်းကိန်းများဖြင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကျောင်းဝင်းအတွင်း စွန့်ပစ်အမှိုက်များဖြင့် ကျောင်းစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ လူသားအကျိုးပြု ဖန်တီးတီထွင်ထားရှိမှု၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်ငှားရမ်းနေမှု၊ စာပေလေ့လာဖတ်ရှုနေမှု၊ ကျောင်းဝင်းအတွင်း အရိပ်ရအပင်များ၊ ပန်းအလှပင်များ၊ စာဖိုဆောင်သီးနှံ စိုက်ခင်းများ၊ ပရဆေးပင်များ စိုက်ပျိုးထားရှိမှု၊ ကျောင်းမုန့်ဈေးဆိုင်များတွင် သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော မုန့်များ ရောင်းချနေမှု၊ စွန့်ပစ်သည့် သစ်ရွက်အမှိုက်များဖြင့် သဘာဝမြေဆွေး ပြုလုပ်ဆောင်ရွက်ထားရှိမှု၊ ကျောင်းဝင်းအတွင်း အမှိုက်များအား Reuse ၊ Recycle ၊ ခွဲခြားစွန့်ပစ်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

စစ်ကိုင်းမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂၂) အခြေခံပညာအလယ်တန်းကျောင်းခွဲတို့သည် ၂၀၂၃ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုတို့ကို ရရှိခဲ့သည့်ကျောင်းများဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်