ငဖဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ချောင်းဖြူကျေးရွာအုပ်စုအား ဆက်လက်ထုတ်ချေးပေး

ငဖဲ နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ချောင်းဖြူကျေးရွာအုပ်စုမှ တောင်သူ (၈၀) ဦး၏ စပါးနှင့် အခြားသီးနှံစိုက်ဧက (၃၇၆) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၄၀၇)သိန်းကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် တောင်သူများအား စိုက်ပျိုးစရိတ် အရင်းအနှီးရရှိစေရေးနှင့် သီးနှံများအချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ပြီး တောင်သူများလူမှုစီးပွားဘဝ အဆင်ပြေစေရန် ရည်ရွယ်၍ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခင်နှစ် ဆောင်းသီးနှံချေးငွေ အရင်း၊ အတိုးပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မန်နေဂျာ ဒေါ်သန်းသန်းဆင့် က ပြောကြားသည်။

ငဖဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး ပေးနိုင်ရေးအတွက် ကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူများအား ချေးငွေကျပ်သိန်းပေါင်း (၂၁၀၀) အား ထုတ်ချေးပေးရန် လျာထားပြီး  စပါးသီးနှံစိုက်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံစိုက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ချောင်းဖြူကျေးရွာအုပ်စုမှ တောင်သူ (၈၀) ဦး ၏စပါးသီးနှံ (၆၂) ဧကနှင့်  နှမ်းစိုက်ဧက (၃၁၄) ဧက စုစုပေါင်း စိုက်ဧက (၃၇၆) ဧကအတွက် ချေးငွေကျပ် (၄၀၇)သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်များကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။     

မယု(ငဖဲ)