မြိတ် နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကွင်းတွင်(၉၄)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ နိုဝင်ဘာလ(၁၀)ရက် ညနေပိုင်းမှစတင်ကာ အစဉ်အလာမပျက် ကျင်းပခဲ့ကြသည်။
နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို တန်ဆောင်မုန်းလဆန်း(၁၀)ရက်မှလပြည့်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဘုရားငါးဆူကွင်း၌ စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပမည်ဖြစ်ကာ တန်ဆောင်မုန်း လပြည့်နေ့ညနေတွင် ဘုရားငါးဆူကွင်း ယာယီစံကျောင်းတော်မှ မြို့တွင်းလှည့်လည်ပူဇော်ပွဲကို ဗုဒ္ဓဘာသာအသင်းကြီးမှ ဦးဆောင်ကာ ဘုရားပွင့်စဉ်များအလိုက် ပြဿဒ်မော်တော်ယာဉ်များဖြင့် မီးအလှဆင်ကာ ရပ်ကွက်အသီးသီးသို့ သတ်မှတ်လမ်းကြောင်းအတိုင်း လှည့်လည်ပူဇော်ကြမည်ဖြစ်သည်။
နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ရာ ဆရာတော် သံဃာတော်များနှင့်ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ မြိတ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူခဲ့ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြ၍ လှူဒါန်းမှုအစုစုအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလ ကန်သာပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာတရားများ နာယူခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။
မြိတ်မြို့တွင် ရာသီအလိုက် အထင်ကရပွဲတော်များ၌ တစ်ခုအပါအဝင်ဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရား ပူဇော်ပွဲတော်တွင် နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များကို စတီးရွှေရောင် သံဖရိန် စံကျောင်းအဆောင်များဖြင့် ခမ်းနားထည်ဝါစွာ ဆင်ယင်ကျင်းပလျက်ရှိပြီး မြိတ်မြို့၏ တန်ဆောင်မုန်းလတွင် စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပသည့် ဗုဒ္ဓပူဇာသဘင်ဖြစ်ကာ ပွဲတော်ရက်များအတွင်း စတုဒီတာကျွေးမွေးခြင်း၊ ဇာတ်သဘင်နှင့်ပျော်ပွဲရွင်ပွဲများဖြင့် နိုဝင်ဘာလ(၁၀)ရက်မှ(၁၅)ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)