ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

နတ်မောက် နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ ပူးပေါင်း၍ တွင်းကြီးကျေးရွာအုပ်စု၊ ဖလံပင်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများသည့် ကျေးရွာကွန်ကရစ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ပြီး ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်သွားရန်၊ လမ်းရေရှည် တည်တံ့ခိုင်မြဲစေရေး ကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးပါက ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ် ၁၅ သန်းနှင့် ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၁၁ ဒသမ ၈၅ သန်း စုစုပေါင်း ကျပ် ၂၆ ဒသမ ၈၅ သန်း အသုံးပြုကာ ဖလံပင်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း အရှည် ၇၇၀ပေ၊ အကျယ်၁၂ပေ၊ အမြင့် ၆ လက်မခင်းခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာပြည်သူလူထုမှ ကိုယ်တိုင်အကောင်အထည်ဖော်၍ ဩဂုတ် စတုတ္ထအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ ကျေးရွာရှိ အိမ်ခြေ(၂၇၀)အိမ်၊ အိမ်ထောင်စု (၂၇၅)စုမှ လူဦးရေ (၁၄၅၆)ဦးတို့ ရာသီမရွေးသွားလာရ လွယ်ကူလာမည်ဖြစ်ကာ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားအသက်မွေးမ်းကျောင်းလုပ်ငန်းများတွင်လည်း အထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း  သိရသည်။

မူမူစန်း