ပြည်ကြီးမဏ္ဍိုင်မြို့၌ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်ကြီးမဏ္ဍိုင် နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်မ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့ စည်ပင်သာယာရေးအဖွဲ့၊ မြို့တာဝန်ခံဦးမျိုးအောင်မှ စျေးရောင်းချသူ /ဝယ်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်စေလိုကြောင်း၊ စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်ရောင်းချပါက ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး ဒေါ်လဲ့ရီဝင်းက စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရမည့်အချက်များ စားသောက်ဆိုင် တာဝန်ရှိသူများ လိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ကြီးမဏ္ဍိုင် မြို့ပေါ်ရပ်ကွက်ရှိ ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်လုပ်ငန်းရှင် (၅၀) ဦးတို့ တက်ရောက်ကြောင်း သိရသည်။

မျိုးလွင်(ပြန်/ဆက်)