သရက်ချောင်းမြို့နယ်၌ ဆောင်းသီးနှံ(နေကြာ၊ မတ်ပဲ)တိုးချဲ့စိုက်ပျိုးသော တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

သရက်ချောင်း   နိုဝင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံ(နေကြာ၊မတ်ပဲ) တိုးချဲ့စိုက်ပျိုးသော တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာ ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်း မျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ မြို့နယ်အတွင်း တောင်သူများအနေဖြင့် ဆောင်းသီးနှံ(နေကြာ၊မတ်ပဲ)တို့ကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဧက အထွက်နှုန်းတိုး၍ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိပြီး တစ်ဖက်တစ်လမ်းမှ အထောက်အကူနိုင်ကြောင်း၊ ဆောင်းသီးနှံ(နေကြာ၊မတ်ပဲ)တို့ကို တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ် သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများအပြင်၊ မျိုး‌‌ကောင်း၊ မျိုးသန့် မျိုး‌စေ့များကို စနစ် တကျ ထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက တက်ရောက်လာသူများအား ၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ၊ မတ်ပဲ) တိုးချဲ့စိုက်ပျိုးသော တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း ရည်ရွယ်ချက်အား ရှင်လင်းပြောကြားသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုး‌ထွေးဦးနှင့် တာဝန်ရှိသူများက တောင်သူများအား မတ်ပဲ၊ နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကာ အခမ်းအနား ရုပ်သိမ်းလိုက်‌ကြောင်း မြို့နယ်အတွင်းရှိ တောင်သူများအား (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ်အတွက် မတ်ပဲ(၅၀)ဧက၊ နေကြာ(၃၆)ဧက မျိုးစေ့များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)