ကျွန်းစုမြို့တွင် လမ်းသွားလမ်းလာပြည်သူများအား Mask တပ်ဆင်အသုံးပြုရေး အသိပညာပေး ဆောင်ရွက်

ကျွန်းစု နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း လမ်းသွားလမ်းလာ ပြည်သူများ ပေါ့ဆနေမှုများ မရှိစေရေးအတွက် Mask တပ်ဆင်အသုံးပြုရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီက မြို့မဈေးအရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်းမြှင့်မားနေပြီးဖြစ်၍ ပြည်သူများအနေဖြင့် မပေါ့ဆ ကြရန်၊ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်သဖြင့် အပြင်ထွက်ရင် Mask တပ်ဆင်အသုံးပြုဖို့ လိုအပ်ကြောင်း ပညာပေးဟောပြောခဲ့ပြီး Mask များ တပ်ဆင်ပေးခြင်းကို ပညာပေးအနေဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)