ပခုက္ကူ နိုဝင်ဘာ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသောဒေသများမှ အမျိုးသမီးငယ်များအား အဆင့်မြင့်စက်ချုပ်ပညာသင်တန်းများအပြင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့အထိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)မှ အမျိုးသမီးငယ်သင်တန်းသူ(၃၃၈၅)ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့်မြို့နယ်အတွင်းရှိ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးငယ်များအား အဆင့်မြင့်စက်ချုပ်ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုအပိုဝင်ငွေတိုးပွားလာစေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး၊ တတ်မြောက်ထားသောအတတ်ပညာရပ်များကို နည်းစနစ်မှန်ကန်စွာအသုံးချပြီး ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နိုင်စေရေးတို့အတွက်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် အဆင့်မြင့်စက်ချုပ်ပညာသင်တန်းများအပြင် အခြေခံလက်မှုပညာသင်တန်း၊ မု့န်လုပ်နည်းသင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်းများကို အခေါ်အဝေါ်၊ အကိုင်အတွယ်၊ အတွက်အချက်များမှစတင်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ကိုယ်တိုင်ဆွဲတတ်၊ ချုပ်တတ်သောအဆင့်ရောက်သည်အထိ ကျေးလက်ဒေသမှအလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့်သင်ထောက်ကူပစ္စည်းများအား စရိတ်ငြိမ်းဖြင့်စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားပေးလျက်ရှိပြီး သင်တန်းပြီးဆုံးပါက တစ်နိုင်တစ်ပိုင်လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များအရစ်ကျရောင်းချပေးခြင်း၊ သင်တန်းထူးချွန်ဆုရရှိသူများအား ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထူထောင်လုပ်ကိုင်နိုင်စေရန် အပ်ချုပ်စက်တစ်လုံးစီဆုချီးမြှင့်ပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးငယ်(လူငယ်လူရွယ်)များအား ကျောင်းတွင်းသင်တန်းများအပြင် ပြင်ပအသိပညာဗဟုသုတများတိုးပွားရရှိစေရန် လူငယ်စကားဝိုင်း၊ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ သတင်းအမှားအမှန်ခွဲခြားသိရှိနိုင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ စားသုံးသူရေးရာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများ၊ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းနှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး သရုပ်ပြသင်တန်းများဖွင့်လှစ်သင်ကြားခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ပြောပြသည်။
အဆိုပါသင်တန်းကျောင်းကို ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အခြေခံအိမ်တွင်းမှု သင်တန်းသူ ၁၉၅၄ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းသူ ၇၆၀ ဦး၊ ကြိမ်/ဝါးသင်တန်းသူတစ်ဦး၊ ဟင်းလျာချက်ပြုတ်နည်း သင်တန်းသူ ၃၇၅ ဦး၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူ ၂၉၅ ဦး၊ စုစုပေါင်း သင်တန်းသူ ၃၃၈၅ ဦးကို သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)