မင်းဘူး နိုဝင်ဘာ ၁၀
မြန်မာနိုင်ငံသားတို့သည် သနပ်ပင်ကို မြင်ဖူးချင်မှမြင်ဖူးပေလိမ့်မည် သို့သော် သနပ်ဖက်ကိုတော့မမြင်ဖူးသူ ရှားပေလိမ့်မည် အဘယ်ကြောင့်ဆိုသော် သနပ်ဖက်ဆေးပေါ့လိပ်ကို သောက်သုံးသူများသောကြောင့် ဖြစ်သည်။
သနပ်ဖက်သည် တောင်ကလမက်ပင်ကဲ့သို့ မိုရာဂျီနာစီအီး မျိုးရင်းဝင် ပင်စောက်မျိုးဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့် ယင်းကို ကောဒီယာဒိုင်ခိုတိုမာဟုခေါ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း မိုင်ပွန်နယ်ဒေသ တောင်ကြီး၊ ဟိုပုံး၊ ကျောက်တစ်လုံး၊ ညောင်ရွှေ၊ ဘော်ဆိုင်း၊ ပင်းတယစသော အရပ်ဒေသများအပြင် နန်းခုပ်ဒေသများတွင် အများဆုံးစိုက်ပျိုးကြကာ ကျောက်တစ်လုံးကြီး တစ်မြို့ထဲပင်လျှင် သနပ်ဖက်ဧက ၂၀၀၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
သနပ်ဖက်လုပ်ငန်းသည် ရှမ်းပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး တောများတောင်များကိုရှင်းလင်းပြီး သနပ်ဖက်ပင်များကို စိုက်ပျိုးကြသည်။ သနပ်ပင်တစ်ခြံလျှင် အပင်ရေ ၁၀၀ မှ ၄၀၀၀ အထိစိုက်ပျိုးကြသည်။ ရေမဝပ်သော တောင်ခါးပန်းများတွင်စိုက်ပျိုးကြပြီး ပြာသို၊ တပို့တွဲလများတွင် မြေရှင်းမီးရှို့၍ ကဆုန်လတွင် မြေဆွကာမျိုးကျဲကြသည်။ အပင်ပေါက်ကလေးများ နှစ်တောင်ထွာခန့်ရှိသောအခါ နုတ်၍မူလပင်မ မြစ်ရှည်တစ်ခုသာထား၍ ဘေးသို့ဖြာထွက်နေသော အမြစ်များဖြတ်တောက်ပြီးလျှင် တစ်ပင်နှင့် တစ်ပင် ၂ ပေခန့်စီခြား၍ စိုက်ပျိုးကြသည်။
သနပ်ပင်များ စိုက်ပျိုးရာတွင် မြေဩဇာထည့်ပေးခြင်း၊ မြေဆွပေးခြင်း၊ ပေါင်းမြက်များ နုတ်ပေးခြင်းတို့ပြုလုပ်နိုင်လျှင် ပို၍ကောင်းသည်။ အပင်များအပေါ်တက်၍ အကိုင်းအခက်များ ဝေဖြာလာသောအခါ ပင်မကိုင်းကြီး နှစ်ကိုင်းသုံးကိုင်းသာချန်၍ ကျန်ကိုင်များကို ရှင်းပေးရပြီး အရွက်များ ပိုးမစားစေရန် ပိုးသတ်ဆေးအကြိမ်ကြိမ်ဖျန်းပေးရသည်။ စိုက်ပျိုးပြီးသုံးနှစ်ကြာလျှင် အရွက်များစခူးရပြီး စိုက်ပျိုးသည့်မြေညံ့လျှင် ၄ နှစ်ကြာမှ အရွက်များခူးရတော့သည်။ သနပ်ပင် တစ်ပင်လျှင် အရွက်ရေ ၃၀ မှ ၄၀ အထိထွက်သည်။ သနပ်ဖက်ကို ဝါဆို၊ ဝါခေါင်၊ တော်သလင်းနှင့် သီတင်းကျွတ်လများ၌ ခူးရပြီး တစ်နှစ်လျှင် ၄ ကြိမ်ခူးရကြောင်း သိရသည်။
သနပ်ဖက်ကို ဆေးလိပ်လိပ်ရာတွင် အရွက်အစိမ်းအတိုင်းအသုံးမပြုရပေ။ ဦးစွာဖက်ခူး အရွက်မှောက်၍ အကြောကလေးများကို တစ်ရွက်ချင်းသင်ပေးရသည်။ အကြောသင်ပြီး ဖက်များကို မြေလုံဖိုရှည်ကြီးပေါ်၌ တင်ထားသော အပတ်ဝိုင်းထားသည့် ဒယ်ပြားထဲထည့်၍လှော်ရသည်။ တစ်ဖိုတွင် ၁၀ ဒယ်မှ ၁၂ ဒယ်အထိရှိပြီး တစ်ဒယ်တွင်ဖက်ရွက် ၁၅ ရွက်ခန့်စီကာ အပေါ်မှ သဲထုတ်ဖိ၍ လှော်ရသည်။ လှော်ပြီးသားဖက်ရွက်များကို အကြီးအသေးခွဲခြားပြီး ကျကျနနထုတ်ပိုးပြီးပါက ပွဲရုံများသို့ရောင်းချနိုင်သည်။ တစ်ပိဿာလျှင် ဖက်ရွက်အသေး ၈၀၀၀ ကျပ်နှင့် အကြီး ၁၂၀၀၀ ကျပ်ရောင်းချရကြောင်းသိရသည် တစ်ဧကလျှင် သနပ်ဖက် ပိဿာချိန် ပျမ်းမျှ ၈၀၀ အထိ ထွက်ရှိပြီး ရှမ်းပြည်နယ် ဟိုပုံး၊ တောင်ကြီး၊ ကျောက်တစ်လုံးကြီး၊ ညောင်ရွှေ၊ ပင်းတယ၊ ဘော်ဆိုင်းဒေသတွင် အများဆုံးစိုက်ပျိုးကာ သနပ်ဖက် ဧကပေါင်း ၇၀၀၀ ကျော်စိုက်ပျိုးထားကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)