နမ့်စန်မြို့နယ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် Facility Quarantine အဆောင်နေရာအား သန့်ရှင်းရေးနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်

နမ့်စန်(တ)    နိုဝင်ဘာ    ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လိုအပ်ချက်အရ Facility Quarantine အဆောင် ထပ်မံတိုးချဲ့ ဖွင့်လှစ်မည့် နမ့်စန် အ.ထ.က ကျောင်းဝန်းအတွင်းတွင် သန့်ရှင်းရေး လုပ်ငန်းများနှင့် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများ ကို ယနေ့နံနက် ၉ နာရီက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ် ကုသရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးညီညီအောင် က ဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များ ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှတပ်ဖွဲ့မှူး ဦးအယ်လ်လီဇာနှင့် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်များမှ ပြည်သူ များက ကျောင်းဝန်း အတွင်းရှိ မြက်များနှင့်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ Facility Quarantine ဆောင်၊ လုံခြုံရေးအဆောင်နှင့် ကြီးကြပ်ရေးအဆောင် ပြုလုပ်မည့် နေရာများအား သန့်ရှင်းရေး ပြုလုပ်ခြင်း၊ လျှပ်စစ် မီးများ တပ်ဆင်ခြင်း၊ အခန်းတွင်း ပလတ်စတစ်စများဖြင့် ကန့်သတ်ကာရံခြင်း၊ ရေချိုးမည့်နေရာများနှင့် အိမ်သာများ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အသွားအလာ ကန့်သတ်မည့်နေရာများအား လုံခြုံရေးကြိုးများ တပ်ဆင် ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ယခင်က Facility Quarantine အဆောင်ကို မြို့နယ်ပြည်သူ့ဆေးရုံ အနောက်ဘက်ရှိ ၄ထပ် အဆောက်အဉီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာလ နောက်ဆုံးပတ်တွင် အမှတ်(၄)ရပ်ကွက်ရှိ မြို့မ အ.ထ.ကကျောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ထား ရာမှ မြို့နယ်အတွင်း လိုအပ်ချက်အရ အမှတ်(၂) ရပ်ကွက် ရှိ အ.ထ.က(နမ့်စန်)ကျောင်းတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)