ခန္တီးမြို့တွင် ၂၀၂၄ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ခန္တီး     နိုဝင်ဘာ  ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၄ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၀)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးသက်ဖြိုးကိုက အဖွင့်အမှာစကားပြောကြားပြီး အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် ဗိုလ်မှူးသက်ဖြိုးကိုနှင့် ဌာနဆိုင်ရာအကြီးအကဲများက အားကစားသမားများအား လိုက်လံနှုတ်ဆက်ကာ စစ်ကြောင်းမှူးမှဦးဆောင်၍ အားကစားအသင်းလိုက် ချီတက်အလေးပြုကာ ကွင်းအတွင်းမှထွက်ခွာခဲ့ကြသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အားကစား အသင်း(၁၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး (၄)အုပ်စုခွဲကာ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကာ ပထမ၊ ဒုတိယ၊ တတိယ ဆုများနှင့်တစ်ယောက်ချင်းအကောင်းဆုံးဆုများအား ရွေးချယ်၍အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)