တမူးမြို့တွင် မီးခိုး/မြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တမူး နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မီးခိုး/မြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ(၈)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် တမူးခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းဦးနှင့် တမူးမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးကျော်သူတို့က သစ်ပင်စိုက်ပျိုးခြင်းသည်သက်ရှိသတ္တဝါအားလုံးအတွက် အောက်စီဂျင်လုံလောက်စေရေး၊ ရေနှင့်စားနပ်ရိက္ခာဖူလုံစေရေး၊ ကမ္ဘာကြီးပူနွေးမှုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘာဝဘေးအန္တရာယ်များ လျှော့နည်းကျဆင်းရေး တိုက်ဖျက်ရေးကဏ္ဍများကိုများစွာ အထောက်အကူပြုနိုင်တာကြောင့် သစ်ပင်များများစိုက်ဖို့လိုကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်သည် လက်ရှိကိုင်တွယ်ဖြေရှင်းနေရသည့် ကမ္ဘာ့အကြီးဆုံးပြဿနာဖြစ်သည့် ရာသီဥတုပြောင်းလဲခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်တာကြောင့်   လေထုညစ်မှုမရှိစေရေး ကိစ္စများကို ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ခရိုင်နှင့်မြို့နယ် သစ်တောဦးစီးမှူးများနှင့်သစ်တောဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးဦးဝင်းနိုင်နှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စိတ်ပါဝင်စားသူ ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရတနာ