ကသာမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ကသာ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးအောင်ကိုမင်းက အဖွင့်အမှာစကား ပြောကြားသည်။ ကသာခရိုင်ဥပဒေအရာရှိ ဦးတူးခေါင်က ဥပဒေဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ ကသာဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းလွင်က "အနာဂတ်အတွက် တွေးကြည့်ပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး သိန်းထိုက်စိုးက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်မူးယစ်တပ်ဖွဲ့စု(၆)မှ မူးယစ်တပ်ဖွဲ့စုမှူး ရဲအုပ်စောကျော်‌ဇောထွန်းက "မူးယစ်အန္တရာယ်တို့ကာကွယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က "ကလေးသူငယ်ဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ" အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက "လူငယ်နှင့်မီဒီယာအန္တရာယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ကသာမြို့နယ်တွင် လူငယ်လူရွယ်များအနေဖြင့် အသိပညာပေးဟောပြောပွဲများမှရရှိသည့် အသိပညာဗဟုသုတများကို မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးရှိစွာကြံဆအသုံးပြုတတ်စေရန်လိုအပ်ပါကြောင်း၊ ယခုလိုအသိပညာပေးဟောပြောပွဲများကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ လက်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

ခရိုင်ပြန်/ဆက်