သရက်ချောင်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

သရက်ချောင်း နိုဝင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယမန်နေ့က ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့သည်။

အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသောရေနှင့် အစားစာများ‌ စားသောက်မိရာမှတစ်ဆင့် ကူးစက်ဖြစ်ပွားကြောင်း၊ မိုးဦးကျကာလနှင့် မိုးအကုန်ဆောင်းအကူးတွင် အဖြစ်များကြောင်း၊  ပြင်းထန်ဝမ်းပျက်ဝမ်း
လျှောရောဂါ လက္ခဏာများအကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့​သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း‌ ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကာ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သတင်းရသည်။

နန်းခလိုက်(ပြန်/ဆက်)