လက်ပံတန်း နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာအုပ်စုများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် သီးနှံများအထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးနှင့် မျိုးကောင်းမျိုးသန့်များမှန်ကန်စွာ ရွေးချယ်စိုက်ပျိုးမှသာ စီးပွားရေးအဆင်ပြေပြီး နိုင်ငံတော်၏ထုတ်ကုန်တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ နှစ်စဉ် ဆက်လက်ကောင်းမွန်အောင်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မိုးစပါးတစ်ဧက ၁၁၉ တင်းနှုန်း စိုက်ပျိုးထွက်ရှိသူ တောင်သူ ဦးမောင်ခင်၊ နွေစပါး တစ်ဧက ၁၃၅ တင်းနှုန်း စိုက်ပျိုးထွက်ရှိသူ တောင်သူ ဦးကျော်သက်၊ မတ်ပဲ တစ်ဧက ၂၉ တင်းနှုန်း စိုက်ပျိုးထွက်ရှိသူ တောင်သူ ဦးမြင့်ငွေ၊ ပဲတီစိမ်း တစ်ဧက ၂၂ တင်းနှုန်း စိုက်ပျိုးထွက်ရှိသူ တောင်သူ ဦးထွန်းထွန်းနိုင်၊ မြေပဲ တစ်ဧက ၇၇ တင်းနှုန်း စိုက်ပျိုးထွက်ရှိသူ တောင်သူ ဦးအုန်းကျော်နှင့် နှမ်း တစ်ဧက ၂၆ တင်းနှုန်း စိုက်ပျိုးထွက်ရှိသူ တောင်သူ ဦးဉာဏ်ရွှေတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)