သရက်ချောင်း နိုဝင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ မိုးရာသီမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား(တတိယအကြိမ်) ယူရီးယား(Urea) ဓာတ်မြေဩဇာစျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာ ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်း မျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအားလုံးကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျထည့်သွင်း အသုံးပြုကြဖို့လိုကြောင်း၊ မြို့နယ်အတွင်းတောင်သူများအနေဖြင့် မိုးစပါးအပြင် ဆောင်းသီးနှံ(နေကြာ၊ မတ်ပဲ)တို့ကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဧကအထွက်နှုန်းတိုး၍ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိပြီး တစ်ဖက်တစ်လမ်းမှအထောက်အကူနိုင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက တက်ရောက်လာသူများအား ၂၀၂၄ ခုနှစ်၊ မိုးရာသီမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား(တတိယအကြိမ်) ယူရီးယား(Urea) ဓာတ်မြေဩဇာများ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်တာဝန်ရှိသူများက တောင်သူများအားယူရီးယားဓာတ်မြေဩဇာများပေးအပ်ကာ အခမ်းအနားရုတ်သိမ်းခဲ့ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ၂၀၂၄ ခုနှစ်၊ မိုးရာသီမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင်(၄၃,၀၀၀)ကျပ် နှုန်းဖြင့် စုစုပေါင်း (၂၀၀) အိတ်ကို မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇)အုပ်စု ရှိတောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှသိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)