သရက် နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်နှင့် ခရိုင်/မြို့နယ် ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်းကျင်းပခြင်းကို ယနေ့နံနက်(၁၁)နာရီက ခရိုင်ဥပဒေရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ရာ ခရိုင်ဥပဒေအရာရှိနှင့် ခရိုင်အတွင်း မြို့နယ် ဥပဒေအရာရှိ များ ၊ ခရိုင်/မြို့နယ် ဝန်ထမ်းများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေက ပြောကြားရာမှာ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ဥပဒေရုံး အဆင့်ဆင့်၏ တရားစွဲအမှုလိုက် လုပ်ငန်းများ၊ စီမံရေးရာ လုပ်ငန်းများကို အဂတိတရား ကင်းရှင်းစွာ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပေးခဲ့ပြီး ခရိုင်ဥပဒေအရာရှိ ဦးလှမြင့်ကမိမိရုံးတွင် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လိုအပ်သည်များကို တင်ပြပေးခဲ့သည်။
ထို့နောက် မြို့နယ်များမှ ဥပဒေအရာရှိများက မိမိမြို့နယ်အလိုက် လိုအပ်သည်များ တင်ပြဆွေးနွေးပေးခဲ့ရာ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေက လိုအပ်ချက်များကို ဖြည့်စွက်မှာကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(ပြန်/ဆက်)