စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသီးနှံ နှမ်း ၃၉၉၂၈၇ ဧက ရိတ်သိမ်းပြီးစီး

မုံရွာ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၁၄)ခရိုင်ရှိသည့်အနက် ခရိုင်(၁၀)ခရိုင်၌ ယခုနှစ်မိုးသီးနှံ နှမ်း ၄၃၃၈၅၆ ဧက လျာထားစိုက်ပျိုးခဲ့ရာ ယနေ့အချိန်ထိ ၃၉၉၂၈၇ ဧက ရိတ်သိမ်းပြီးစီးကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးနှမ်းများစိုက်ပျိုးရာတွင် နှမ်းမျိုးများဖြစ်သည့် ဆင်းရတနာ-၂၊ ၃၊ ၄၊ ၈၊ ၁၄၊ ရိုးစိမ်း၊ ရှပ်က‌လေး၊ စမုံနက်၊ နှမ်းနီ၊ သိပ္ပံနှမ်းနက်၊ သာဒွန်းဖြူ၊ ဒေသမျိုး နှမ်းမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ မိုးနှမ်းစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မိုးနှမ်းများကို တိုင်းဒေသကြီးအတွင်းရှိ မော်လိုက်ခရိုင်တွင် ၈၀ ဧက၊ ကလေးခရိုင်တွင် ၄၂၀၈၈ ဧက၊ ခန္တီးခရိုင်တွင် ၁၃၈ ဧက၊ ဟုမ္မလင်းခရိုင်တွင် ၁၀၉ ဧက၊ နာဂဒေသတွင် ၅၃၅ ဧက၊ မုံရွာခရိုင်တွင် ၁၁၁၁၈၉ ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၈၈၄၃၄ ဧက၊ ရွှေဘိုခရိုင်တွင် ၁၄၃၁၅ ဧက၊ ရေဦးခရိုင်တွင် ၃၁၈၂၂ ဧက၊ ကန့်ဘူခရိုင်တွင် ၁၁ ဧက၊ စစ်ကိုင်းခရိုင်တွင် ၄၃၈၆၈ ဧက၊ ကသာခရိုင်တွင် ၁၂၆၇ ဧက၊ စုစုပေါင်း ၄၃၃၈၅၆ ဧကကို မေလဆန်းမှ စတင်စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အချိန်အထိ ၃၉၉၂၈၇ ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း ၆ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် စုစုပေါင်း မိုးနှမ်းတင်းပေါင်း ၂၇၁၆၅၂၃ ထွက်ရှိကာ ကျန်ရှိမိုးနှမ်းများကို နိုဝင်ဘာလကုန်အထိ ဆက်လက်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)