ဟင်္သာတ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign)ပြုလုပ်

ဟင်္သာတ  နိုဝင်ဘာ ၂၅

ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့်အတူ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) ကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားများပြားသည့် စျေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌေး၀င်းစျေးနှင့် တာပေါ်ပျံကျစျေးများအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ၊ လမ်းသွား လမ်းလာကြသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်သွားလာရန်၊ တစ်ဦးနှင့်တစ်ဦး ()ပေကွာ(သို့မဟုတ်) ခပ်ခွာခွာ နေထိုင်သွားလာကြရန်၊ မိမိသွားလာသည့် နေရာများတွင် သတ်မှတ်ထားသည့် လက်ဆေးရန်နေရာများ၌ စနစ်တကျ ပုံမှန်လက်ဆေးကြရန်၊ လူစုလူဝေးများကို ရှောင်ရှားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် အချက်များကို လိုက်နာ ဆောင်ရွက်ရန် စသည့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပါးစပ်နှာခေါင်းစည်းများကို (အခမဲ့)ဖြန့်ဝေပေးကြသည်။

အဆိုပါ (Mask Campaign) လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များပါဝင်သော ပူးပေါင်း အဖွဲ့များက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)