မုံရွာ နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့်နေကြာစသည့် သီးနှံမျိုးစုံ ၁၃၉၇၀၁ ဧကလျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မုံရွာခရိုင်အတွင်းရှိ ဒေသခံတောင်သူများ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆီထွက်သီးနှံမျိုးစုံထွက်နှုန်းကောင်း မျိုးကောင်း၊ မျိုးသန့်များသုံးစွဲရေးနှင့် စိုက်စနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး၊ ဆီထွက်သီးနှံများ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများ အရည်အသွေးကောင်းရရှိရေး၊ ပန်းတိုင်အထွက် နှုန်းရရှိရေး၊ နည်းပညာရပ်များ ရယူသုံးစွဲနိုင်ရေးနှင့်စျေးကွက်ဝင် ဆီထွက်သီးနှံများကို စိုက်ပျိုးကြရေးကိုလည်း စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုံရွာခရိုင်အတွင်း ယမန်နှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံများလျာထား စိုက်ပျိုးမှု ၁၃၉၅၂၄ ဧကထက် ၅၈၄ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး၊ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံများလျာထား စိုက်ပျိုးမှုအနေဖြင့် မြေပဲ ၄၁၃၁၀ ဧက၊ နှမ်း ၆၆၉၉၁ ဧက၊ နေကြာ ၃၁၃၀၀ ဧက နှင့် ပန်းနှမ်း ၁၀၀ ဧက၊ စုစုပေါင်း ၁၃၉၇၀၁ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်းနှင့် ခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်တို့သာမက ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ အောင်မြင်အောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)