မြဝတီမြို့ အ.ထ.ကခွဲ(၃)၌  ကျောင်းသားလူငယ်များ  စာပေဖတ်ရှုမှုအလေ့အကျင့်ကောင်း တိုးပွားရရှိ‌စေရေး  လူငယ်စကားဝိုင်း  ကျင်းပ

မြဝတီ နိုဝင်ဘာ ၇

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ စာပေဖတ်ရှုမှုမှတစ်ဆင့် စဉ်းစားတွေးခေါ် မှန်ကန်စေရေးရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြဝတီမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခွဲ ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် မြဝတီမြို့နယ်ပညာရေးမှူး ဦးမိုးကျော်က အဖွင့်အမှာစကား ပြောကြားပေးပြီး  ခရိုင်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရန် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည် များစွာအရေးပါကြောင်းနှင့် တိုးတက်လာသည့် နည်းပညာများကိုအသုံးချပြီး အတွေးအခေါ်မှန်ကန်စွာဖြင့် လူအများရှေ့၌ ရဲဝံ့စွာပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်လူငယ်စကားဝိုင်းကိုကျင်းပခြင်းဖြစ်ကြောင်းရှင်းလင်း ပေးသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲစတင်ခဲ့ရာ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက ဦးဆောင်၍ Grade-11 မှ မအေးနန္ဒာအောင်က လူငယ်နှင့်ကျန်းမာရေး၊ Grade-10 မှ မဇွန်ပွင့်ဖြူက လူငယ်နှင့်စာပေ၊ Grade-9 မှ မောင်သက်ဇော်လင်းက လူငယ်နှင့်မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပေးကာတက်ရောက်ကြသည့် ကျောင်းသား၊  ကျောင်းသူများက ခေါင်းစဉ်အလိုက် သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ဦးရန်နိုင်ထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မာမာရီ၊ မြို့နယ်ပညာရေးမှူးဦးမိုးကျော်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာအောင်နှင့် အမှတ်(၃)ရပ်ကွက် တာဝန်ရှိသူတို့က အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပြန်လည်ချီးမြှင့်ပေးသည်။ ထို့နောက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗဟုသုတဖြစ်ဖွယ် သုတ/ရသစာအုပ်၊ စာစောင်များနှင့်  နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)