မကွေး နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်ဖွင့်လှစ်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၅ ရက် ယနေ့နံနက်ပိုင်းက အဆိုပါရုံးသင်တန်းခန်းမ၌ ကျင်းပရာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးအတွက် နည်းပညာပံ့ပိုးပေးခြင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဓါတ်ခွဲ စမ်းသပ်ပေးခြင်းများ၊ သုတေသနတီထွင်စမ်းသပ်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကပေးလိုက်တဲ့ စက်ချုပ်နည်းပညာတွေကို လက်တွေ့ အသုံးချပြီး အခြေခံစက်ချုပ်နည်းပညာမှတစ်ဆင့် ဆက်လက်ပြီး အဆင့်မြင့် စက်ချုပ် နည်းပညာများ၊ ဒီဇိုင်းပညာရပ်များ လေ့လာကြစေလိုကြောင်းနှင့် သင်တန်းပြီးဆုံးပါက သင်တန်းမှ ထူးချွန်သူ(၃)ဦးကိုလည်း စက်ချုပ်စက်များ ချီးမြှင့်ကာ လုပ်ငန်းမှတ်ပုံတင်နိုင်သည် အထိဌာနမှ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ဒီဇိုင်းပုံစံမျိုးစုံကို ကိုယ်တိုင် ချုပ်လုပ်လာနိုင်ရုံ သာမက ပြင်ပမှ အပ်နှံသည့် အထည်များကို ချုပ်လုပ်ပေးနိုင်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေနိုင်ခြင်း စတဲ့အကျိုး ကျေးဇူးတွေရရှိကြပြီး ကိုယ်ပိုင်လုပ်ငန်းဖြင့် အောင်မြင်တဲ့သူများဖြစ်အောင် ကြိုးစားကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က သင်တန်းဖွင့်လှစ်ပေးနေမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ သင်တန်း နည်းပြများနှင့် သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင်ပို့ချမည့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို သင်တန်းသူ (၂၀) ဦးအား သင်တန်းနည်းပြ နှစ်ဦးက ရင်ဖုံး၊ ရင်စေ့၊ ရင်ဖြတ်ဆက်၊ နောက်ကွဲဇစ်၊ ထမီ၊ ချိတ်ထမီ၊ ဘလောက်အင်္ကျီ၊ ဘောင်းဘီချုပ်လုပ်နည်း စသည့်တို့ကို နိုဝင်ဘာလ ၅ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့ အထိ တစ်လကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ