ကသာ နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉) နာရီမှစတင်၍ ကျင်းပခဲ့သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကသာမြို့နယ်အဆင့်အနေဖြင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့်နှင့် အခြေခံပညာအလယ်တန်းအဆင့်တို့မှယှဉ်ပြိုင်ကြသူ စုစုပေါင်း (၁၅၈) ဦးရှိပြီး ကသာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အင်္ဂလပ်စာစွမ်းရည်နှင့် သင်္ချာစာစွမ်းရည်စာမေးပွဲတွင် ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား မွန်းလွဲ (၁) နာရီအချိန်က အင်္ဂလိပ်စွမ်းရည် နှုတ်ဖြေနှင့် ကျပန်းပြိုင်ပွဲကိုလည်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၆၇) ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၉၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲရင့်ကျော်ထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)