နတ်မောက် နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်(၂၀၁၄ ခုနှစ်မိုးရာသီ)တွင် တည်ထောင်စိုက်ပျိုးခဲ့သည့် ကျေးရွာသုံးစိုက်ခင်း (၃၅)ဧကမှ ထင်း၊ တိုင်၊ မျောထွက်ရှိသည့် (၂ ဒသမ ၂၈ )တန်ကို အင်းကုန်း(မ)ကျေးရွာအတွင်းရှိ အိမ်ထောင်စု(၂၃၂)အား ယမန်နေ့ နံနက်ပိုင်းက အဆိုပါစိုက်ခင်းအတွင်း ပေးအပ်ခဲ့သည်။
အဆိုပါ ထင်း၊ တိုင်၊ မျောများပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မကွေးခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကျော်နိုင်၊ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိဦးလင်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြပြီး အင်းကုန်း(မ)ကျေးရွာမှ အိမ်ထောင်စု(၂၃၂)အား တစ်အိမ်ထောင်လျှင် ထင်း၊ တိုင်၊ မျော (၀ဒသမ၀၈၇)တန်နှုန်း ဖြန့်ဝေပေးခဲ့သည်။
နတ်မောက်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် သဘာဝတောများမှ ထင်းလောင်စာ သုံးစွဲမှုလျော့ချပေးနိုင်ရန်နှင့် ဒေသ၏သစ်တောထွက်ပစ္စည်းလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဖြည့်ဆည်းပေးနိုင်ရန် ကျေးရွာသုံးစိုက်ခင်းများကို နှစ်စဉ်တည်ထောင်စိုက်ပျိုးလျက်ရှိသည့်အပြင် ရေမြေထိန်းသိမ်းရေး သစ်တောစိုက်ခင်းများ၊ ဒေသစိမ်းလန်းစိုပြည်ရေးစိုက်ခင်းများကိုလည်း နှစ်စဉ်လျာထားချက်များချမှတ်၍ တည်ထောင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
လှဝင်း