မင်းဘူး နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ယခုနှစ်ပွင့်လင်းရာသီ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းသို့ လာရောက်လေ့လာလည်ပတ်သူများ ဆင်များစီးပြီး အပန်းဖြေနိုင်သလို ဆင်စာများလည်း ကျွေးမွေးလှူဒါန်းနိုင်ကြောင်း ဆင်စခန်းတာဝန်ခံများထံမှ သိရသည်။
ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းကို မြန်မာ့သစ်လုပ်ငန်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသ လက်အောက်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က ဆင်စာများအတွက် ဝါးအမျိုးမျိုးနှင့် ကိုင်းမြက်များ ပေါများသည့်အပြင် ရေအလွယ်တကူရရှိနိုင်သော မန်းချောင်းဘေး ဧက ၇၀၀ ရှိသော ပန်းတောင်း- ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောတွင် ဖွင့်လှစ်ခဲ့သည်။
ဆင်စခန်းများကို ပြည်တွင်းပြည်ပမှ ခရီးသွားများ လွယ်ကူစွာ လာရောက်လည်ပတ်နိုင်စေရန်၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်၍၊ တောတောင်ရေမြေ သဘာဝအလှအပများနှင့် စိမ်းစို၍ ရှုခင်းများကောင်းပြီး မန်းရွှေစက်တော်ဘုရားကြီးအနီးတွင် ဖွင့်လှစ်ထားခြင်းဖြစ်တာကြောင့် စက်တော်ရာပါဒ ခြေတော်ရာနှစ်ဆူကိုဖူးပြီးပါက ဆင်စခန်းသို့လာကာ ဆင်လိမ္မာလေးများ၏ ကကွက်ဆန်းများဖြင့် ဧည့်ခံဖျော်ဖြေမှုကို ကြည့်ရှုခြင်းနှင့် ဆင်များစီးပြီး မန်းချောင်းတစ်လျှောက်ရှိ သဘာဝအလှ အပတရားများကို ကြည့်ရှုခံစားနိုင်ကြသည်။ ဆင်စခန်းတွင် ဆင် ၁၄ ကောင်ရှိပြီး ဆင်စာများကို ဆင်စခန်းမှဝယ်ယူ၍ ကျပ် ၁၀၀,၀၀၀၊ ၁၂၀,၀၀၀၊ ၁၅၀,၀၀၀ စသည်ဖြင့် မိမိတို့ ဆန္ဒအလျောက် ဝယ်ယူကျွေးမွေးနိုင်သလို ပြင်ပမှယူဆောင်လာသော ငှက်ပျောဖီး၊ ငှက်ပျောအူ၊ ဖရဲသီး၊ နေဗီယာမြက်၊ ကိုင်းမြက်၊ ကြံစသော သန့်သန့် ပြန့်ပြန့်ဖြစ်အောင် ရေစင်စင်ဆေးထားသော အစားအစာများကိုလည်း ကျွေးမွေးနိုင်ကြောင်း ဆင်စခန်းတာဝန်ရှိသူက ပြောသည်။
ဇေယျာထက်(မင်းဘူး)