သဲကုန်း နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ကျောင်းသားများ ကျောင်းနေဘဝကို ပိုမိုနှစ်သက်ပျော်ရွှင်ပြီး ကလေးများကျောင်းနေမြဲရန်၊ ကျောင်းပြင်ပရောက်ကလေးများ ကျောင်းသို့ပြန်လည်ရောက်ရှိလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ(Students Participation Initiative–SPI) အကောင်အထည်ဖော်ဆောင်ရွက်ရေးမြို့နယ်အဆင့်ဆွေးနွေးပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဒေါ်မသန်းစိန်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ (Student Participation Initiatives-SPI)အကောင်အထည်ဖော်ရေး မြို့နယ်အဆင့် ဆွေးနွေးပွဲများပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြ(၂)ဦးမှ ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်နိုင်မှု၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ရပ်ရွာလူထုပူးပေါင်းပါဝင်မှုနှင့် လေ့လာကြီးကြပ်မှုစသည့် ခေါင်းစဉ်များဖြင့်ဆွေးနွေးပို့ချပြီး မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ (မူလွန်၊ အ.လ.က၊ အ.လ.က(ခွဲ)၊ အ.ထ.က၊ အ.ထ.က(ခွဲ))ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီး(၃၀)ဦး တက်ရောက်ခဲ့ကြပြီး နိုဝင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး သိရသည်။
ကိုကျော်(ပြန်/ဆက်)