ဟုမ္မလင်း နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ “တိရစ္ဆာန်ကျန်းမာရေးလုပ်သား” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီခွဲ အချိန်က ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ဟုမ္မလင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက သင်တန်းအဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါက်တာခင်စန္ဒာဝင်းက၊ “တိရစ္ဆာန်ကျန်းမာရေးလုပ်သား” ကာလတိုသင်တန်းကို တိရစ္ဆာန်ကျန်းမာရေးတွင် ပါဝင်လျက်ရှိသော၊ ပြည်သူတိုင်းပုဂ္ဂလိကပိုင် အဖွဲ့အစည်းများ ပုဂ္ဂိုလ်များနှင့်ဆက်စပ်ပြီး၊ “တိရစ္ဆာန်ကျန်းမာရေးလုပ်သား” များ၏ လုပ်ငန်းများ တိရစ္ဆာန်ကျန်းမာရေးလုပ်ငန်းတိုးတက်စေရန်၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ၌ စီးပွားရေးစွမ်းရည်နှင့်လူမှုစီးပွားမြင့်မားစေရန်၊ တိရစ္ဆာန် သဘာဝသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ကျန်းမာရေးကာကွယ်ပေးရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြု စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ရခြင်းဖြစ်ကြောင်း၊ ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ “တိရစ္ဆာန်ကျန်းမာရေးလုပ်သား” ကာလတိုသင်တန်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသား/သင်တန်းသူ (၂၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂) ရက်ဖြစ်၍ သင်တန်းနည်းပြများမှ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း( ပြန်/ဆက် )