မြဝတီ နိုဝင်ဘာ ၅
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး အတွေးအခေါ်မှန်ကန်စေရေး ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြဝတီမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မာမာရီက နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရန် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည် များစွာအရေးပါကြောင်းနှင့် တိုးတက်လာသည့် နည်းပညာများကိုအသုံးချပြီး အတွေးအခေါ်မှန်ကန်စွာဖြင့် လူအများရှေ့၌ ရဲဝံ့စွာပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပေးသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲစတင်ခဲ့ရာ ဦးစီးအရာရှိဒေါ်ဇာဖြူဝင်း၊ ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်နှင့် အထက်တန်းပြဆရာမ ဒေါ်တင်အေးရီတို့ကဦးဆောင်၍ Grade-11 မှ မောင်ကျော်ရဲထွဋ်က လူငယ်နှင့်နည်းပညာ၊ Grade-10 မှ မောင်ဝေဖြိုးအောင်က လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်စို့နှင့် Grade-8 မှ မပီတိချိုက လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပေးကာ တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်အလိုက် သိရှိလိုသည်များမေးမြန်းဆွေးနွေးကြပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပေး၍ ဗဟုသုတဖြစ်ဖွယ် သုတ/ရသစာအုပ်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးထားရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)