ဒေးဒရဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မိချောင်းအိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံး လက်ထောက်ပညာရေးမှူးဦးကျော်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ အသိဥာဏ်ပညာနှင့် စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ဖွံ့ဖြိုးလာပြီး နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့် လူငယ်များပေါ်ထွန်းလာစေရန် လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ဦးစီးအရာရှိဒေါ်ြမင့်မြင့်ခိုင်က ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ကျော်နန္ဒက လူငယ်နှင့်အားကစား၊ မောင်ကျော်ဝင်းထွဋ်က လူငယ်နှင့်မူးယစ်ဆေး၊ မကြယ်စင်မိုးက လူငယ်နှင့်ကျန်းမာရေး၊ မဇင်မျိုးဝေက လူငယ်နှင့်စာကြည့်တိုက်စသည့် ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဆွေက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း