ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ဆောင်းသီးနှံမြေပဲများ အောင်မြင်ဖြစ်ထွန်း

ရှမ်းရွာသစ် နိုဝင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မြေပဲနှင့်နှမ်းစိုက်ပျိုးသည့် လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မြေပဲများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ဝဥစိုက်ပျိုးသည့်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင်ဥယျာဉ်ခြံမြေစိုက်ပျိုးသည့် လုပ်ငန်းများအပြင် ဆီထွက်သီးနှံများဖြစ်သော မိုးနှောင်းနှမ်းနှင့် မြေပဲတို့ကို အဓိကထားလုပ်ကိုင် စိုက်ပျိုးကြပြီး စိုက်ပျိုးစရိတ်ကုန်ကျမှုနည်းပါးသော မြေပဲသီးနှံကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ပြည်တွင်း စားသုံးဆီဖူလုံစေရေး၊ စိုက်ပျိုးတောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ မျိုးကောင်း မျိုးသန့်များ စနစ်တကျ စိစစ်ရွေးချယ်စိုက်ပျိုးနိုင်စေရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်စေရေးတို့အတွက် နှစ်စဉ်စိုက်ပျိုးကြကြောင်း မြေပဲစိုက်ပျိုးရာတွင် အတန်းလိုက် စနစ်ဖြင့် စိုက်ပျိုးကြပြီး အပွင့်မပွင့်မီနှင့် အပွင့်ပွင့်သီးကင်းလိုက်ချိန်တွင် ပိုးသတ်ဆေးများ၊ အားဆေးများ ပက်ဖျန်းရကြောင်း၊ ကုန်ကျစရိတ်သက်သာပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သည့် အတွက်ကြောင့် နှစ်စဉ်စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ ယခင်နှစ်တွင် မိုးများရွာသွန်းမှုများပြားသည့်အတွက် မြေပဲအထွက်နှုန်းကျဆင်းကာ မြေပဲဆံများ အရွယ်အစား အနည်းငယ်သေးသဖြင့် မိသားစုစားသုံးရန်နှင့် မျိုးအနေဖြင့်သာ ရရှိသော်လည်း ယခုနှစ်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အမှတ် (၂) ရပ်ကွက်ရှိ ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ရှမ်းရွာသစ်မြို့တွင် မိုးမြေပဲကို ဒေသနေပြည်သူများ နှစ်စဉ်တော်သလင်းလမှစ၍ စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် မြေပဲများ စတင်ခူးဆွတ်ရိတ်သိမ်းကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း တောင်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများနှင့် နည်းပညာကူညီပံ့ပိုးပေးမှု လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)