ကျွန်းစု နိုဝင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလှူရှင်များက စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားသည် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသော ဘာသာရေးအခမ်းအနားဖြစ်သောကြောင့် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ စုပေါင်းမဟာဘုံကထိန်တွင် သံဃာတော်များ ပင့်ဆောင်၍ အလှူငွေများနှင့် ကထိန်သင်္ကန်းများ၊ ပဒေသာပင်များ စုပေါင်းလှူဒါန်းနိုင်ရေးနှင့် ကျွန်းစုမြို့တွင် နိုဝင်ဘာလ(၁၄)ရက်နေ့ မွန်းလွဲပိုင်းတွင် မြို့ပေါ်ရပ်ကွက်များအတွင်း ပဒေသာပင်များ လှည့်လည်၍ ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်မည်ဖြစ်ပြီး နိုဝင်ဘာ(၁၅) ရက်နေ့တွင် သီရိမင်္ဂလာကျောင်းတိုက်၌ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင်များက အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်း၊ ဘဏ္ဍာငွေဆိုင်ရာနှင့် ပဒေသာပင်လှူဒါန်းရေးဆိုင်ရာလုပ်ငန်း၊ သံဃာတော်များပင့်ဆောင်ရေး၊ ပဒေသာပင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လက်ခံဆက်ကပ်ရေးလုပ်ငန်း၊ ပဒေသာပင်များ နေရာချထားရေး၊ ထိန်းသိမ်းရေးနှင့် ပို့ဆောင်ရေးလုပ်ငန်း၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်း၊ ကျန်းမာရေးနှင့်လုံခြုံရေးလုပ်ငန်း၊ ပဒေသာပင်များ လှည့်လည်ပူဇော်နိုင်ရေးလုပ်ငန်း၊ ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရေး၊ ချက်ပြုတ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်း စသည့်တို့ကို ရှင်းလင်းဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)