၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျရောက်မည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကကြိုတင်လေ့ကျင့်ပြင်ဆင်နေကြသည့် ဒုံးအဖွဲ့များမှတာဝန်ရှိသူများ၏ စကားသံများ

ဘားအံ နိုဝင်ဘာ ၄

နော်ကြူကြူသန်း (ကရင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့် ပျော်ပွဲရွှင်ပွဲ အထောက်အကူပြုလုပ်ငန်းကော်မတီအဖွဲ့ဝင်)

ကျွန်မကတော့ နော်ကြူကြူသန်းဖြစ်ပါတယ်။ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့် ပျော်ပွဲရွှင်ပွဲအထောက်အကူပြုလုပ်ငန်းကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒုံးပြိုင်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် တိုင်းရင်းသားရေးရာဝန်ကြီးရဲ့ ဦးဆောင်မှုဖြင့် ကျေးရွာပြည်သူ လူထုနှင့် ချိတ်ဆက်ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒုံးအကပြိုင်ပွဲ (၁၉)ဖွဲ့ ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒုံးတစ်ဖွဲ့လျှင် ငွေကျပ်သိန်း(၁၀၀)၊ ဆန်(၁၀)အိတ်၊ ဆီ (၂၀) ပိဿာ ထောက်ပံ့ပေးပါတယ်။ ပြိုင်ပွဲမကျင်းပမီ ဒုံးအဖွဲ့တွေကို စုဆောင်း ရပါတယ်။ စုဆောင်းပြီးရင် ပြိုင်ပွဲကျင်းပနိုင်ဖို့အတွက် ပွဲစဉ်ဇယားများရေးဆွဲပြီး အစည်းအဝေးကို (၂)ကြိမ်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲစဉ်ဇယားတွေကိုတော့ နိုင်ဝင်ဘာလ(၅)ရက်ကနေ့ (၁၀)ရက် နေ့ထိပြိုင်ဖို့ ပွဲစဉ်ဇယားများဆွဲပေးရပါတယ်။ ဒုံးအကပြိုင်ပွဲမှာ ဘက်ဆုံထူးချွန်ဆုလည်း လျာထားပါတယ်။ ဒုံးအကဘက်ဆုံဆုရယ်၊ တေးသီချင်းဆုရယ်၊ ဆုတောင်းတေးဆုရယ် ဆုများချီးမြှင့်ဖို့ လျာထားပါတယ်။ ပြိုင်ပွဲဝင်အားလုံးကို အထူးဆုများပေးသွားမှာဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားလူငယ်တွေကို ရိုးရာအကတွေ လက်ဆင့်ကမ်းပေးနိုင်အောင် နှစ်စဉ်နှစ်တိုင်း ဒုံးအကပြိုင်ပွဲများကို ကျင်းပလျက်ရှိပါတယ်။ ဒါမှလည်း ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်တဲ့ ကရင်ရိုးရာ ဒုံးအကကို ဆက်လက်ထိန်းသိမ်း နိုင်မှာဖြစ်ပါတယ်။ ဒီလိုအကပြိုင်ပွဲတွေ ကျင်းပတဲ့အခါ အတီးပညာပိုင်းဆိုင်ရာတွေလည်း ပါလာပါတယ်။ ဒုံးအကတွေမှာ တူရိယာ(၈)မျိုးနဲ့ တီးရပါတယ်။ ဒါကလည်းဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ လူငယ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

နန်းဆေးဝါး(ဒုံးအကပြိုင်ပွဲဒိုင်)

ကျွန်မကတော့ နန်းဆေးဝါးဖြစ်ပါတယ်ရှင့်။ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီနေ့ရောက်တိုင်း ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲတွေ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေ၊ လှေသဘင်ပြိုင်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်များ ကရင်ရိုးရာ ဒုံးအကကို နှစ်သက်မြတ်နိုးတက်စေဖို့နဲ့ ကရင်ရိုးရာဒုံးအကမပျောက်ပျက်စေဖို့ ရည်ရွယ်ပါတယ်။ ကရင်ရိုးရာဒုံးအကက အမျိုးသား၊ အမျိုးသမီး အရေအတွက်တူညီပြီး ကပြရတဲ့အတွက် စည်းရုံးမှုအင်အားလည်း ရရှိစေပါတယ်။ ဒါ့ကြောင့်မို့ နှစ်စဉ်နှစ်တိုင်း ဒီဒုံးအကပြိုင်ပွဲကို ထည့်သွင်းကျင်းပရခြင်းဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ(၇)ရက်နေ့ ရောက်တိုင်း ပြည်နယ်ပွဲတော်ကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနိုင်အောင် တာဝန်ရှိသူများနဲ့ ဒေသခံပြည်သူ များအားလုံး ပူးပေါင်းပြီးတော့ ပါဝင်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရပ်နီးရပ်ဝေးမှ တိုင်းရင်းသားပြည်သူများကိုလည်း ကျွန်မတို့ရဲ့ ပြည်နယ်နေ့ပွဲတော်ကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

ဦးစောလှထွေး(ကရင်အနုပညာအစည်းအရုံးဒုံးကြီးကြပ်သူ)

ကျွန်တော်နာမည်ကတော့ ဦးစောလှထွေးလို့ခေါ်ပါတယ်။ ကျွန်တော်ကတော့ ကရင်အနုပညာအစည်းအရုံး ဒုံးကို ပြိုင်ပွဲဝင်နိုင်ရန်အတွက် တာဝန်ယူကြီးကြပ်ရပါတယ်။ ကျွန်တော်တို့ ဒုံးအကအဖွဲ့တော့ ဒီနှစ်မှ ပထမဦးဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်တဲ့ ဒုံးအကအဖွဲ့လည်းဖြစ်ပါတယ်။ KCO ဒုံးအဖွဲ့အနေနဲ့ကတော့ ကရင်တစ်မျိုးသားလုံး ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့နဲ့ မျိူးဆက်သစ်လူငယ်များ ကရင်ရိုးရာဒုံးအကမှာ ပါဝင်ကပြနိုင်ဖို့နဲ့ လာမဲ့နှစ်တွေမှာလည်း ကရင်ပြည်နယ်နေ့မှာ ဒုံးအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ဖို့နဲ့ မျိုးဆက်သစ်လူငယ်များအနေနဲ့ ကိုယ်ရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေ မပျောက်ကွယ်အောင် ထိန်းသိမ်းဖို့၊ မြှင့်တင်ဖို့ပြောချင်ပါတယ်။ KCO ဒုံးအဖွဲ့အနေနဲ့ကတော့ ပထမဦးဆုံး ပါဝင်ယှဉ်ပြိုင်တဲ့နှစ်ဖြစ်တဲ့အတွက်အကအဖွဲ့တွေ စုဆောင်းတဲ့နေရာမှာ အခက်အခဲအချို့ရှိခဲ့ပါတယ်။ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲမှာ ကျွန်တော်တို့ဒုံးအဖွဲ့အနေနဲ့ အမြင့်ဆုံးဆုကိုရရှိဖို့ ကြိုးစားယှဉ်ပြိုင်သွားမှာပါ။ ကျေးဇူးတင်ပါတယ်။

စောငြိမ်းချမ်းဦး(ဒိုင်းပြစံပြကျေးရွာ ဒုံးအဖွဲ့အကနည်းပြဆရာ)

ကျွန်တော်ကတော့ စောငြိမ်းချမ်းဦးဖြစ်ပါတယ်။ ဒိုင်းပြစံပြကျေးရွာ ဒုံးအဖွဲ့ရဲ့ အမျိုးသမီးများကို အကသင်ကြားပေးရတဲ့ နည်းပြဆရာလည်း ဖြစ်ပါတယ်။ ဒုံးအကဟာ ခေါင်းခါးခြေလက် အကုန်လုံးသုံးရတဲ့အတွက် ခါးနာတာတွေ၊ ခြေလက်နာတာတွေ၊ ချွေးထွက်လွန်ပြီး အအေးမိတာတွေရှိပါတယ်။ ပြိုင်ပွဲဝင်ဖို့အတွက် အချိန်(၁)လ(၂)လယူပြီး‌ လေ့ကျင့်ရပါတယ်။ ကရင်ဒုံးအက ပြိုင်ပွဲဝင်မယ့် လူငယ်တွေကို ပြောချင်တာကတော့ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကြိုးစားပြီးတော့ ပါဝင်ယှဉ်ပြိုင်စေချင်ပါတယ်။

ခရိုင်(ပြန်/ဆက်)