ပဲခူး နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကြီးမှူး၍ တိုင်းဒေသကြီးအလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပဲခူးမြို့) သင်တန်းခန်းမ၌ ယနေ့ နံနက်ပိုင်းက Air-Compressor ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက်ခဲ့သည်။
ဦးစွာ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ယနေ့ ဖွင့်လှစ်သင်ကြားပေမည့်သင်တန်းသည် မိမိတို့ပတ်ဝန်းကျင်တွင် နေ့စဥ်အသုံးပြုနေတဲ့ အမျိုးအစားထဲတွင် တစ်ခုပါဝင်နေသောကြောင့် လက်တွေ့နယ်ပယ်မှာ အသုံးဝင်မည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် စာတွေ့၊ လက်တွေ့ပညာရပ်များအား ပိုမိုအကျိုး ရှိစွာ အသုံးချနိုင်ပါက မိသားစုဝင်ငွေ ရရှိနိုင်မည့်အပြင် ကိုယ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်သောကြောင့် ကြိုးစားသင်ယူကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်မာသက်က သင်တန်းများ ဖွင့်လှစ်ပေးခဲ့မှု အခြေအနေနှင့် သင်တန်းဖွင့်လှစ်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ သင်ရိုးညွှန်တမ်းစာအုပ်များ၊ သင်ထောက်ကူလက်သုံးကိရိယာများနှင့် လက်တွေ့သင်ကြားပြမည့် အထောက်အကူပြု ပစ္စည်းများအား ကြည့်ရှုခဲ့ကြသည်။
အဆိုပါ သင်တန်းအား သင်တန်းသား/သူ(၂၀)ဦး တက်ရောက်ပြီး ကျွမ်းကျင်နည်းပြ သင်တန်းဆရာများက Air-Compressor အကြောင်း၊ ဖွဲ့စည်းတည်ဆောက်ထားပုံ၊ အခြေခံ လျှပ်စစ်သဘောတရားများအကြောင်းနှင့် လက်သုံးကိရိယာများအသုံးပြုပုံအကြောင်းတို့ကို ရက်သတ္တပတ် (၁)ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)