မုံရွာ နိုဝင်ဘာ ၄
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ဝန်ကြီးဌာနနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်မျာမှ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုအားကစားပြိုင်ပွဲကြီးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မိသားစုဝင်များအနေဖြင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ သိုက်သိုက်ဝန်းဝန်းဖြင့် ပါဝင်ယှဉ်ပြိုင်ပေးသည့်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် များစွာဝမ်းမြောက်မိပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း ယှဉ်ပြိုင်လျှင်အနိုင်ရမည်ဆို သောအားကစားစိတ်ဓါတ်ဖြင့် အနိုင်မခံအရှုံးမပေး ဇွဲစိတ်ဓါတ်အားအရင်းခံပြီး တရားသော ယှဉ်ပြိုင်ခြင်းဖြင့် သန့်သန်ရှင်းရှင်းယှဉ်ပြိုင်ကစားသွားကြရန်နှင့် မိမိတို့၏ဌာနဂုဏ်အား အားကစားဖြင့် မြှင့်တင်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲများ၏ ဒိုင်လူကြီးများအနေဖြင့် တရားမျှတစွာကြီးကြပ်ဆောင်ရွက်ကာအား ပေးမည့်ဝန်ထမ်းမိသားစုဝင်များအနေဖြင့်လည်း မျှမျှတတအားပေးကြပြီး စည်းလုံးညီညွတ်မှုပျက်ပြားစေမည့် အားပေးမှုမျိုးများအား ရှောင်ကျဉ်သွားကြရန်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအား လေးစားလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြားကာ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစား ပြိုင်ပွဲများအား ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစွာ အဓိဌာန်ရွတ်ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားအသင်းများမှ အသင်းအုပ်ချုပ်သူများနှင့် ဘင်ခရာ/ပန်းပွား၊ Fitness Dance၊ အလံကိုင်၊ ဆိုင်းဘုတ်ကိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၏ ဘင်ခရာ/ပန်းပွား၊ Fitness Dance တို့ဖြင့် တီးခတ်သရုပ်ပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး ဘောလုံးအဖွင့်ပွဲစဉ်အဖြစ် ပညာရေးဒီဂရီကောလိပ်အသင်းနှင့် ပဉ္စအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှုအားပေးကြရာ ပညာရေးဒီဂရီကောလိပ်အသင်းက ပဉ္စအားမာန်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများအား နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ အားကစားနည်း ၁၁ နည်းအား ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ အသင်း ၁၄ သင်းမှ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၁၂၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)