မင်းဘူး နိုဝင်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ကမ်းဘေး အချက်အချာကျပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ အေးချမ်း၍ သာယာလှသော မြို့လေးတစ်မြို့ ဖြစ်တာကြောင့် ပြည်တွင်းပြည်ပမှ ခရီးသွားများ လေ့လာလည်ပတ် အပန်းဖြေရာ နေရာဒေသဖြစ်လာခဲ့ပြီး၊ ယခင်နှစ် ဘုရားပွဲရာသီတွင် ခရီးသွားဧည့်သည် (၅) သိန်းကျော်အထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့သည် ဧရိယာ စတုရန်းမိုင် (၁၆၄.၂၇၃) မိုင် ကျယ်ဝန်းကာ ပင်လယ်ရေ မျက်နှာပြင်အထက် (၁၆၄) ပေနှင့် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိကာ အေးအေးချမ်းချမ်းရှိခြင်း၊ အညာအပြန် လက်ဆောင်များက သဘောကျနှစ်ခြိုက်စရာကောင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်၍ တစ်နေရာနှင့် တစ်နေရာ ဆက်သွယ်သွားလာရာတွင် လွယ်ကူမြန်ဆန်ခြင်းများကြောင့် နေချင်စရာ ကောင်းလှသည့် မြို့လေးတစ်မြို့ဖြစ်သည်။
မင်းဘူးမြို့နယ်တွင် ကျေးရွာအုပ်စု (၆၇) စု၊ အိမ်ခြေပေါင်း (၄၄၀၄၄) အိမ်၊ အိမ်ထောင်စု (၄၇၆၃၃) စုနှင့် လူဦးရေ (၁၉၀၉၇၃) ဦးကျော် နေထိုင်ကာ ဖလံရုံတောင်၊ စင်္ကြံတောင်၊ သင်္ကန်းလိပ်တောင်၊ ခွေးကတက်တောင်စသော တောင်ကုန်း တောင်တန်းများနှင့် ဆားပွက်ချောင်း၊ မုန်းချောင်း၊ မန်းချောင်းများက ဝန်းရံကာ လျှိုမြှောင်ချိုင့်ဝှမ်းများနဲ့ သဘာဝအလှအပ ရှုခင်းများက ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေခဲ့သည်။
ရွှေစက်တော်ဘုရား၊ စက္ကိန်းတဲဘုရား၊ ရှင်မင်းဘူးဘုရား၊ သမုတ္တဂီရိ မြစေတီတော်မြတ်ကြီးနှင့် နဂါးပွက်တောင်၊ မှန်ကင်းရုပ်စုံကျောင်း၊ သုံးထပ်ရုပ်စုံကျောင်း၊ ကန်ဦးဘုန်တော်ကြီးကျောင်းများ၏ ပုဂံခေတ်နှင့် ကုန်းဘောင်ခေတ်များ၏ အံ့မခန်း ပြောင်မြောက်စွာ ထုဆစ်ထားသော ပန်းပုလက်ရာများကိုလည်း လေ့လာကြည့်ရှုနိုင်သည်။
ထိုကဲ့သို့ သမိုင်းဝင် ဘုရားစေတီများ၊ လေ့လာလည်ပတ်စရာ အထင်ကရ နေရာများရှိသည့်အပြင် အေးချမ်းလှပြီး သာယာကြည်နူးဖွယ်၊ ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည့် အထက်အညာဒေသရှိ ဧရာဝတီမြစ်ကမ်းဘေးက အေးချမ်းလှသော မင်းဘူးမြို့လေးသို့ တစ်ခေါက်တစ်ခါ လှမ်းလာဖို့ ဖိတ်ခေါ်လိုက် ရပါတော့သည်။
ဇေယျာထက်(မင်းဘူး)