မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ခု ဘဏ္ဌာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မအူပင် နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း မအူပင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတား လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)မှ ဦးကျော်ကျော်ထွေး အင်ဂျင်နီယာချုပ်(မြို့ပြ)မှ  လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည်ရှုစစ်ဆေးရာတွင် မအူပင်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတားများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများအား စောလျင်စွာနှင့် အရည်အသွေးပြည့်မီအောင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။ ၎င်းနောက် အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့်အဖွဲ့သည် မအူပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရေလဲကလေး-မလောင်လမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်း၊ ၀ိသကြုံကုမ္ပဏီမှဆောင်ရွက်လျက်ရှိသော မအူပင်ခရိုင်ရုံးအဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့် မင်းခန့်ဧရာကုမ္ပဏီမှ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စည်ပင်ကုန်း-ဘုရားကုန်းလမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မအူပင်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မအူပင်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ)(တာဝန်)မှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်(မြို့ပြ)မှ လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေး ပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)