ဒေးဒရဲမြို့၌ ရိုးရာအစဥ်အလာမပြတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်များ ကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ နှစ်စဥ်တန်ဆောင်မုန်းလတွင် လှူဒါန်းကျင်းပလေ့ရှိသော စုပေါင်းမဟာဘုံကထိန် အလှူတော်လှည့်လည်ပွဲများကို မြို့ပေါ်၊ ရပ်ကွက်များတွင် စည်ကားသိုက်မြိုက်စွာ လှည့်လည်ပွဲများကျင်းပလျက်ရှိကြောင်း သိရသည်။

ကထိန်ပွဲတော်သည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ယဥ်ကျေးမှုထုံးတမ်းများ၊ ရိုးရာအစဥ်အလာများ ပြည့်နှက်နေသည့်ပွဲတော်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီး၌ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစတင်၍ တန်ဆောင်မုန်းလပြည့်နေ့ထိ ကျင်းပလျက်ရှိရာ  သက်ဆိုင်ရာ စုပေါင်းအလှူရှင်များက  အစုအဖွဲ့အလိုက်စုပေါင်း၍ ကထိန်လျှောက်ထားသည့် ဘုန်းကြီးကျောင်းများတွင် ကထိန်ပဒေသာပင်များအား သွားရောက်ရေစက်ချမလှူဒါန်းမီ အများကြည်ညိုသဒ္ဓါပွားနိုင်အောင် ကထိန်အလှူတော် လှည့်လည်ပွဲများကျင်းပကထိန်ပွဲကျင်းပသည့်ကျောင်းတိုက်များရှိ ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းစသည့် ရိုးရာအစဥ်အလာကောင်းမှုများကို ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကြောင့် အလှူရှင်များအနေဖြင့် သွားလေရာအရပ်ရပ်တို့၌ အနှောင့်အယှက်မရှိ ဘေးကင်းစွာသွားလာရခြင်း၊ မိမိပိုင်စည်းစိမ်ဥစ္စာများ ရန်သူမျိုးငါးပါးမဖျက်စီးနိုင်ခြင်း၊ စားကောင်းသောက်ဖွယ်များ အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်ခြင်း၊ အဆိပ်မသင့်နိုင်ခြင်း၊ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း၊ ပစ္စည်းဥစ္စာရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက်အပုံလိုက်ရခြင်း၊ ရုပ်ရည်အဆင်းချောမောလှပခြင်းစသော အကျိုးတရားများရရှိနိုင်သည့် ကထိန်သင်္ကန်းဆက်ကပ်လောင်းလှူပွဲများကို ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးတွင် စေတနာရှင်ပြည်သူများက စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။

အေဇာလင်း