ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ပဲတီစိမ်းသီးနှံ ၂၀၅၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ  နိုဝင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပဲတီစိမ်းသီးနှံ ၂၀၅၉ ဧက  ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် သီးနှံစိုက်ပျိုး စွမ်းအားတိုးတက်မြင့်မားရေးအတွက်  ပဲတီစိမ်းသီးနှံ ၂၆၀၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ စိုက်ပျိုးထားသော စိုက်ခင်းများကို ယခုနှစ် ဩဂုတ်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ  ၂၀၅၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်မှာ မိုးပဲတီစိမ်းသီးနှံ ၆၂၈၃ ဧက စိုက်ပျိုးဖို့ လျာထားပြီး ၂၆၀၄ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခု လက်ရှိမှာ တောင်သူတွေက မိုးပဲတီစိမ်းသီးနှံစိုက်ခင်းများကို ရိတ်သိမ်းနေကြပါတယ်။ ဒီနေ့ထိ ပဲတီစိမ်းစိုက်ဧက ၂၀၅၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့ တစ်ဧကကို ၁၉ ဒသမ ၃၀ တင်း ထွက်ရှိပါတယ်။ ပဲတီစိမ်းစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အထွက်နှုန်းကောင်းမွန်ရေး ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ ရွေးချယ်စိုက်ပျိုးကြဖို့၊ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးကြဖို့၊  စိုက်ပျိုးရေး သွင်းအားစုများစနစ်တကျ သုံးစွဲ ကြဖို့နဲ့ ကိုယ်တိုင်မျိုးသန့်မျိုးစေ့ ထုတ်လုပ်တာတွေဆောင်ရွက်သွားကြဖို့စတဲ့ တောင်သူပညာပေးတာတွေကို ဆောင်ရွက်ပေးထားပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးပဲတီစိမ်းသီးနှံစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်စေရေးနှင့် သီးနှံအရည်အသွေးများ ကောင်းမွန်စေရေးအတွက်လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများနှင့် အချိန်မီသီးနှံရိတ်သိမ်းနည်းပညာပေးခြင်းများကို သက်ဆိုင်ရာစပ်ဆက်ဌာနများနှင့်ပူးပေါင်းကာ ဒေသခံတောင်သူများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )