မင်းဘူး နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ဘုရားပွဲတော်ရာသီတွင် ရွှေစက်တော်တောရိုင်းတိရစ္ဆာန်နှင့် ဘေးမဲ့တောဥယျာဉ်မှ ကြယ်လိပ်နှင့် ရွှေသမင်ခြံများအား လာရောက် လည်ပတ်ပြီး ကြည့်ရှုလေ့လာနိုင်ကြောင်း ရွှေစက်တော် ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန်နှင့် ဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်များ ခြံခတ်၍ မွေးမြူခြင်းကိုကို ၂၀၀၄ ခုနှစ်မှ စတင်ကာ သစ်တောဦးစီးဌာန၊ သားငှက် တိရစ္ဆာန်အဖွဲ့နှင့် လိပ်မျိုးရှင်သန်းရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ ရွှေသမင်များကို ၂၀၁၂ ခုနှစ်တွင် နေပြည်တော် ဆာဖာရီဥယျာဉ်နှင့် ပုဂံလောကနန္ဒာဥယျာဉ်များမှ အထီး ၅ ကောင်၊ အမ ၇ ကောင်ဖြင့် စတင် မွေးမြူထိန်းသိမ်းခဲ့ကြသည်။
“ကြယ်လိပ်တို့ ရွှေသမင်တို့ဆိုတာ ကမ္ဘာ့ရှားပါးမျိုးစိတ် စာရင်းဝင်တွေပါဗျာ။ မြန်မာ့ရွှေသမင်တွေ ဆိုရင်လည်း မြန်မာတစ်နိုင်ငံတည်းမှာသာရှိတဲ့ ဌာနေဖွား ဒေသရင်းမျိုးစိတ်များဖြစ်ပြီး အလွန်မတန်မှ ရှားပါးတဲ့အတွက် မျိုးသုဥ်းမျိုးဆက်မပြတ်စေရေး၊ ရွှေသမင်သားပေါက်များ တိုးပွားလာစေရေးတို့အတွက် အထူးဂရုစိုက် စောင့်ရှောက်ထားရပါတယ်။ ရွှေစက်တော် ဘုရားပွဲတော်ရာသီနှင့် ပွင့်လင်းရာသီများမှာ မင်းဘူးမြို့နယ်ထဲက အထင်ကရနေရာများ လာရောက်လည်ပတ်တဲ့အခါ ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်ထဲမှ ဒေသရင်းမျိုးစိတ်ဖြစ်တဲ့ မြန်မာ့ရွှေသမင်များ၊ ကြယ်လိပ်များကိုလည်း လာရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်’’ ဟု ရွှေစက်တော်ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောသည်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန်နှင့် ဘေးမဲ့တော ဥယျာဉ်သည် ရွှေစက်တော်ဘုရားအဝင် သုံးမိုင်လမ်းရှိ လှေတင်တံတား အနောက်ဘက်တွင် တည်ရှိပြီး ကြယ်လိပ်နှင့် ရွှေသမင်များအပြင် နို့တိုက်သတ္တဝါမျိုးစုံ၊ ကုန်းနေရေနေသတ္တဝါမျိုးစုံနှင့် ငှက်မျိုးစိတ် များစွာရှိသည့်အပြင် စွေ့ငှက်၊ နဖားကြူးငှက်၊ မြန်မာဘီလုံးငှက်၊ ငှက်မင်းသား၊ ဗိုက်ဖြူငှက်များ နေထိုင်ကျက်စားလျက် ရှိကြသော်လည်း အချို့မှာ မျိုးသုဉ်းပျောက်ကွယ် နေပြီဖြစ်ကြောင်း ရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)