ဘိုကလေး နိုဝင်ဘာ ၂
လူငယ်များ ဗလငါးတန်အပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတက်ရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။
အဆိုပါစကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများ၊ နယ်စပ်ဒေသလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ သင်တန်းသား/သူများ တက်ရောက်ကြပြီး စကားဝိုင်းမစတင်မီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဦးနိုင်လိန်းဟုန်းတို့၏ ဦးဆောင်ဆွေးနွေးမှုများနှင့်အတူ သင်တန်းကျောင်း၏ သင်တန်းသား/ သူ (၄) ဦးက လူငယ်နှင့် စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာကြည့်တိုက်ခေါင်းစဉ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် ဆွေးနွေးမှုများအပေါ် စကားဝိုင်းတက်ရောက်လာကြသော သင်တန်းသား/သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
စကားဝိုင်းအပြီး၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သင်တန်းသား/သူများအား ကဏ္ဍစုံ အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ရသစုံ စာအုပ်၊ စာပေများ ခင်းကျင်းပြသကြရာ သင်တန်းသား/သူများကလည်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)