ပခုက္ကူမြို့၌ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး  

ပခုက္ကူ နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ချိလျက်ရှိသော MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများက ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း MSME လုပ်ငန်းအဖြစ် စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ချိလုပ်ကိုင်လျက်ရှိသည့် မြန်မာ့ရိုးရာမြေပဲဆုံဆီထီလာ၊ ရွှေရတနာကွမ်းစားဆေး၊ ကံသာသောက်ရေသန့်လုပ်ငန်းများထံကွင်းဆင်း၍ စားသုံးသူရေးဦးစီးဌာနမှထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ချိမှုရှိ၊ မရှိ စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့်စားသောက်ကုန်ပစ္စည်းများရောင်းချမှုရှိ၊ မရှိနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြထားမှုရှိ၊ မရှိအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့်တွေ့ဆုံကာ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)