တိုင်းဒေသကြီးဝန်ကြီးချုပ် တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲ၊ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ်    နိုဝင်ဘာ ၂

တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲ၊ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ(၃၁)ရက်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားများပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာသည့်ကော်မတီများက  လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲတွင် မီးရှူးမီးပန်းများ မှာယူပစ်ဖောက်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေများကိုလည်းကောင်း၊ ပွဲတော်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်း၊  စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပင့်ဆောင်မည့်ဆရာတော်ကြီးများစာရင်း၊ မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ပဒေသာပင်လှည့်လည်ရာတွင်  ဖျော်ဖြေရေးယာဉ်များဖြင့် သတ်မှတ်လမ်းကြောင်းများအတိုင်း ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းကောင်း၊ တန်ဆောင်တိုင်မီးမျှောပွဲတော်တွင် ဆီမီးမျှောမည့်နေရာနှင့် ယခင်နှစ်ဆီမီးမျှောခဲ့သည့် ဆီမီးအရေအတွက်များကိုလည်းကောင်း၊ တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲအခမ်းအနားကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ အလှမီးများထွန်းညှိမည့်အစီအမံများနှင့် စတုဒီသာကျွေးမွေးမည့် အစီအစဉ်များကိုလည်းကောင်း၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲ၊ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ဖိတ်ကြားမည့်သူများစာရင်းကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲ၊ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၄) ရပ်ကွက်၊ ကုသိနာရုံဓမ္မာရုံရှိ စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများသို့လည်းကောင်း၊ အမှတ်(၈)ရပ်ကွက်၊ အောင်သပြေဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းရှိ စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းသို့လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၊အမှတ်(၁၇၇) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းသို့လည်းကောင်း သွားရောက်၍  စာသင်သားများ၏ သင်ယူလေ့လာနေမှုများ၊ စာပေဖတ်ရှုနိုင်မှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကာ စာသင်သားများ၏သင်ယူတတ်မြောက်မှုများအား လက်တွေ့အသုံးချနိုင်ရေး စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)